မိန်းမကိုယ်အဖြူဆင်းနေချိန် လိင်ဆက်ဆံသင့်ရဲ့လား
မိန်းမကိုယ်အဖြူဆင်းတယ်ဆိုတာ တကယ်တော့ အမျိုးသမီးတွေမှာ အလွန်အဖြစ်များတဲ့ မှိုစွဲရောဂါတစ်မျိုးဖြစ်ပါတယ်။ သူ့ကို Vaginal Yeast Infection လို့လည်း ခေါ်ပြီး မိန်းမကိုယ်ပတ်လည်မှာ အလွန်အမင်းယားယံခြင်း၊ အဖြူရောင်ရှိတဲ့ ပုံမှန်မဟုတ်တဲ့အရည်များ ယိုစိမ့်ခြင်း၊ သက်သောင့်သက်သာမဖြစ်တဲ့ ခံစားချက်မျိုးတွေ ဖြစ်စေပါတယ်။
ဒီမှိုစွဲရောဂါကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အမျိုးသမီး (၄) ယောက်မှာ (၃) ယောက်က ခံစားနေရတယ်လို့ စစ်တမ်းကောက်ယူချက်များအရ တွေ့ရပါတယ်။ မိန်းမကိုယ်မှိုစွဲခြင်းမှာ ယာယီနဲ့ နာတာရှည်ဆိုပြီး (၂) မျိုးကွဲသလို ရောဂါပျောက်သွားရင်လည်း တစ်ချိန်ချိန်မှာ ပြန်ပြီး ဖြစ်လာတတ်ပါတယ်။ တခြားသိထားသင့်တဲ့ မိန်းမကိုယ်မှိုစွဲလက္ခဏာတွေကတော့
- မိန်းမကိုယ်အတွင်းနဲ့အပြင်မှာ အလွန်အမင်း ယားယံတာ
- မိန်းမကိုယ်နှုတ်ခမ်းသားတွေ နီရဲပြီး ရောင်နေတာ
- မိန်းမကိုယ်ကနေ ကိုက်ခဲနာကျင်မှု ဝေဒနာခံစားရတာ
- မိန်းမကိုယ်ပတ်လည်မှာ အင်ပျဉ်ကွက်တွေ ထတာ
- လိင်ဆက်ဆံနေစဉ်၊ ဆီးသွားနေစဉ် ပူစပ်ပူလောင်ဖြစ်တာ
- အနံ့မရှိဘဲ စေးပျစ်တဲ့အဖြူရောင်အရည်၊ အဖတ်တွေ မကြာခဏထွက်တာတွေပဲ ဖြစ်ပါတယ်။
မိန်းမကိုယ်မှိုစွဲတယ်ဆိုတာ တကယ်တော့ မိန်းမကိုယ်ပတ်လည်မှာရှိတဲ့ မှိုပိုးတွေ အဆမတန်ပွားများလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ
- ပဋိဇီဝပိုးသတ်ဆေးတွေ အလွန်အကျွံသောက်သုံးတာ
- ကိုယ်ဝန်ဆောင်နေတာ
- ဆီးချိုအခြေအနေ၊ သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်တာ
- ကိုယ်ခံအားစနစ် အားလျော့နေတာ
- မဟော်မုန်းကုထုံးနဲ့ ကုသမှုခံယူနေတာ
- တားဆေးသောက်နေရတာကြောင့်နဲ့လည်း အများကြီးသက်ဆိုင်မှုရှိပါတယ်။
ဒါဆို မိန်းမကိုယ်အဖြူဆင်းနေချိန် လိင်ဆက်ဆံလို့ရလား
အလွယ်ပြောရမယ်ဆိုရင်တော့ မဆက်ဆံတာ အကောင်းဆုံးပါပဲ။ လိင်ဆက်ဆံလို့မရတာ မဟုတ်ပေမဲ့ ကိုယ့်အတွက်ရော ကိုယ့်ဆက်ဆံဖော်အတွက်ပါ ကျန်းမာရေးအရ ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ လိင်ဆက်ဆံခြင်းလို့ဆိုတဲ့နေရာမှာ မိန်းမကိုယ်အတွင်း ထိုးသွင်းဆက်ဆံခြင်းအပြင် မိန်းမကိုယ်အင်္ဂါကို ပါးစပ်၊ လျှာနဲ့ နှိုးဆွဆက်ဆံတာ အားလုံးပါဝင်ပါတယ်။ ဘာကြောင့် လိင်မဆက်ဆံသင့်ဘူးလို့ ပြောရတာလဲဆိုရင်
၁။ မိန်းမကိုယ်မှိုစွဲ၊ အဖြူဆင်းနေချိန်မှာ မိန်းမကိုယ်ပတ်လည်ဟာ ပြင်းထန်တဲ့ ယားယံမှုဝေဒနာကို ခံစားနေရတာကြောင့် လိင်ဆက်ဆံတဲ့အခါမှာ သက်သောင့်သက်သာလည်း မဖြစ်သလို လိင်ဆက်ဆံတဲ့အရသာကိုလည်း ကောင်းကောင်းခံစားရနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။
၂။ မိန်းမကိုယ်ပတ်လည်ဟာ အထိခိုက်မခံတဲ့အခြေအနေမှာ ရှိနေတာကြောင့် ပြင်းထန်စွာ ထိုးသွင်းဆက်ဆံခံရတဲ့အခါ ပွန်းပဲ့ဒဏ်ရာရပြီး မှိုပိုးက သွေးလမ်းကြောင်းထဲလည်း ဝင်သွားနိုင်သလို တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေလည်း ရဖို့ပိုလွယ်ကူပါတယ်။
၃။ မိန်းမကိုယ်အဖြူဆင်းခြင်းအတွက် ကုသတဲ့လိမ်းဆေးထဲမှာ ပါတဲ့ဆီဟာ ကွန်ဒုံးရဲ့အာနိသင်ကို လျော့နည်းစေရုံသာမက ကွန်ဒုံးပေါက်ပြဲခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။
၄။ မိန်းမကိုယ်အဖြူဆင်းနေချိန် လိင်ဆက်ဆံတဲ့အခါ တခြားရောဂါပိုးတွေနဲ့ ဘက်တီးရီးယားတွေပါ ဝင်လာနိုင်တာကြောင့် မှိုစွဲရောဂါကုသဖို့လည်း ပိုခက်သလို၊ ပျောက်ဖို့လည်း အချိန်ပိုကြာနိုင်ပါတယ်။
၅။ အကာအကွယ်မဲ့လိင်ဆက်ဆံတဲ့အခါ မိန်းမကိုယ်မှာရှိတဲ့ မှိုပိုးနဲ့ တခြားရောဂါပိုးတွေဟာ ဆက်ဆံဖော်အမျိုးသားရဲ့ လိင်အင်္ဂါထဲ ဝင်သွားပြီး အရေပြားမှိုစွဲတာ၊ ဆီးလမ်းကြောင်းပိုးဝင်တာအပြင် တခြားမှိုရောဂါတွေပါ ကူးစက်သွားစေနိုင်တာကို သတိပြုသင့်ပါတယ်။
ဒါကြောင့် သင့်အနေနဲ့ အဖြူဆင်းနေတဲ့ပြဿနာကို အရင်ကုသပြီး ပျောက်ကင်းသွားပြီဆိုမှပဲ လိင်ဆက်ဆံတာအကောင်းဆုံးပါပဲ။ အကယ်လို့ သင့်မှာ အဖြူဆင်းနေတယ်ဆိုရင် အမျိုးသမီးရောဂါကုဆရာဝန်နဲ့ အရင်ဆုံးပြသပြီး ကုသမှုခံယူပါ။
ရဲမျိုးမြတ်